အိမ်မဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ထူးချွန်ဆုများနှင့်သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပွဲကျင်းပ

အိမ်မဲ စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန် ခန်းမတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ (World First Aid)အထိမ်းအမှတ်ရှေးဦးပြုစုခြင်းသင်တန်းများတွင် ထူးချွန်ဆုများနှင့် သင်တန်းဆင်း လက်မှတ်များပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားကို တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး ကြက်ခြေနီသစ္စာအဓိဋ္ဌာန်အား ရွတ်ဆိုခဲ့ကြသည်။ ထို့နောက်အိမ်မဲမြို့နယ် ကြက်ခြေနီ အသင်းနာယက၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌမှပေးပို့သော ၂ဝ၂၅ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ သဝဏ်လွှာအား မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးကျော်မြင့် ကဖတ်ကြား ပေးခဲ့ပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏လှုပ်ရှားမှု မှတ်တမ်း Video များအား ပြသပေးခဲ့ကြသည်။

ယင်းနောက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှဖွင့်လှစ်ခဲ့သော ရှေးဦးပြုစုခြင်းသင်တန်းများတွင် ထူးချွန်သော သင်တန်းသား/သူများ၊ သင်တန်းနည်းပြများ၊ သင်တန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ထူးချွန်ဆုများ၊ သင်တန်း ဆင်းလက်မှတ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်