ကယားပြည်နယ်ဝန်ကြီးချုပ် နေရပ်ပြန်တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးရန်အတွက် နေကြာမျိုးစေ့၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် ယူရီးယားဓာတ်မြေဩဇာများပေးအပ်ခြင်းနှင့်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ကြည့်ရှုစစ်ဆေး

လွိုင်ကော် စက်တင်ဘာ ၁၄

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ရသည့်ကျေးရွာများ ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျေးရွာနေပြည်သူများ မူလအသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေး စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော် မြို့၊ နွားလဝိုးကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာ၌ပြုလုပ်သည့် နေရပ်ပြန် ပြည်သူများအား ဆောင်းသီးနှံစိုက်ပျိုးရန်အတွက် နေကြာမျိုးစေ့၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသအတွင်း ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူများ စနစ်တကျနေထိုင်နိုင်ရေးအတွက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ပြည်သူများ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိစေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက် နိုင်ရေးနှင့် မိမိတို့၏မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးလျက်ရှိကြောင်း၊ မိမိတို့ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းမှုချုပ်ငြိမ်းရေးလုပ်ငန်းစဉ်များတွင် တာဝန်ရှိသူများနှင့်အတူ ပြည်သူများအားလုံးက လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားကြစေ လိုကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးက ဆောင်းသီးနှံစိုက်ပျိုးရေးနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လင်ဖုံလေးကျေးရွာမှ ဆောင်းသီးနှံ စိုက်ပျိုးမည့်တောင်သူများအား နေကြာမျိုးစေ့၊ ဟင်းသီးဟင်းရွက်မျိုးစေ့နှင့် ယူရီးယားဓာတ်မြေ ဩဇာများအားပေးအပ်ရာ တောင်သူများက အသီးသီးလက်ခံရယူခဲ့ကြသည်။

ထို့နောက် လင်ဖုံလေးကျေးရွာနေ ရပ်မိရပ်ဖများက အခက်အခဲများ၊ ဖြည့်ဆည်းပေးရန်အချက်များကို တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက်တက်ရောက်လာသည့် တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကာ ဆောင်းသီးနှံစိုက်ပျိုးမည့် မြေနေရာများအား ထွန်စက်ဖြင့် မြေပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျေးရွာအတွင်း ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နေမှု အခြေအနေများ ကြည့်ရှုခဲ့ပြီး ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။ ထို့နောက် ကျေးရွာအတွင်း လျှပ်စစ်မီးပြန်လည်ရရှိနိုင်ရေး ဆောင်ရွက် ရမည့် အခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးရန်များကို စိစစ်၍ လုပ်ငန်းအမြန်ဆုံးစတင်နိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လင်ဖုံလေး ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ ရောက်ရှိကာ ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာနေပြည်သူများ၏ ကျန်းမာရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားမှုများ အဆင်ပြေမှုရှိစေရေးအတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ အမြန်ဆုံးစတင်နိုင်ရေး ဆောင်ရွက်သွားရန် သက်ဆိုင်ရာဌာနတာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် လင်ဖုံလေးကျေးရွာ၊ မင်္ဂလာစွမ်းသျှန်ဘုန်းတော်ကြီးကျောင်းနှင့် လင်ဖုံလေး ပရိယတ္တိ စာသင်တိုက်သို့ရောက်ရှိကာ ကျောင်းထိုင်ဆရာတော်များအား ဖူးမျှော်ကြည်ညို၍ ဆန်၊ ဆီနှင့်  လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိက အဆောက် အအုံများအား ကြည့်ရှုစစ်ဆေးပြီး ဆရာတော်သံဃာတော်များ စိတ်အေးချမ်းသာစွာ သီတင်းသုံး နေထိုင်နိုင်ရေးနှင့် ကျေးရွာနေပြည်သူများ၏ဘာသာရေးဆိုင်ရာကိစ္စများ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို အမြန်ဆုံးစတင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)