လွိုင်ကော် စက်တင်ဘာ ၁၄
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်အတွင်း အကြမ်းဖက် သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေခံပညာကျောင်းများထပ်မံဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ဘာသာရေးအဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ပန်ကန်း) သို့သွားရောက်ကာ ထိခိုက်ပျက်စီးခဲ့သည့် ရုံးခန်းများ၊ စာသင်ဆောင်များ၊ ကျောင်းစာကြည့်တိုက်များ ပြန်လည်ပြုပြင်နေသည့် အခြေအနေများနှင့် ဒေသခံ ပြည်သူများမှ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းပြန်လည်ဖွင့်လှစ်ပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် သောက်သုံးရေနှင့် လျှပ်စစ်မီးများ စနစ်တကျဆောင်ရွက်ပေးရန်၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက် သွားရန်နှင့် ကျောင်းပရိဝုဏ်အတွင်း ပန်းအလှပင်များ စိုက်ပျိုးဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ မိုင်းလုံးရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကာ ရုံးခန်းများ၊ စာသင်ဆောင်များ ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအမြန်ဆုံးဖွင့်လှစ်နိုင်ရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာ သင်ကြားနိုင်ရေး စာသင်ဆောင်များအား စနစ်တကျပြင်ဆင်ထားရှိရန်၊ စာသင်ဆောင်များ၊ သန့်စင်ခန်းများအတွင်း အနံ့သက်ကောင်းမွန်စေရေး ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန်၊ ကျောင်းအတွင်း အနိမ့်ပိုင်းနေရာများ၌ ရေဝပ်မှုမရှိစေရေး စနစ်တကျ ဆောင်ရွက်ပေးရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် မိုင်းလုံးရပ်ကွက်၊ မိုင်းလုံးနှစ်ခြင်း ခရစ်ယာန်အသင်းတော်ဘုရား ရှိခိုးကျောင်းသို့ရောက်ရှိကာ ထိခိုက်ပျက်စီးခဲ့သည့် ဘုရားကျောင်းနှင့် ခန်းမဆောင်အား ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ခရစ်ယာန်ဘာသာဝင်များ စိတ်အေးချမ်းသာစွာ ဝတ်ပြုဆုတောင်းနိုင်ရေးအတွက် ဝတ်ပြုနေရာများအား စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့် ခရစ်ယာန်ဘုရားကျောင်းပရိဝုဏ်အတွင်း စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသာယာလှပစေရေးတို့အား ဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)