ထားဝယ် စက်တင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာတနင်္သာရီတိုင်းဒေသကြီး၊ ၂ဝ၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင်အခြေခံပညာအဆင့်အသက် (၁၀-၁၅)နှစ်၊(၁၅-၂၀)နှစ်၊ အဆင့်မြင့်ပညာအဆင့်နှင့် ဝါသနာရှင်အဆင့်တို့တွင် ပြိုင်ပွဲဝင်များ၏ယှဉ်ပြိုင်မှုများကို အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက စိစစ်ရွေးချယ် အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။
ထို့နောက်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယကတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသူပြိုင်ပွဲဝင်များက ပြန်လည်ဖျော်ဖြေတင်ဆက်ကပြကြသည်။
ဆက်လက်၍ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲအထိမ်းအမှတ် ဂုဏ်ပြုပန်းခြင်းအား ပေးအပ်ပြီး ဒိုင်ချုပ်အဖွဲ့နှင့် အကဲဖြတ် ဒိုင်အဖွဲ့ခေါင်းဆောင်များကို ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုလက်မှတ်ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ဗဟိုအဆင့် ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီးအဆို၊အက၊ အရေး၊ အတီးအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပြီး တိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောင်မြင်စွာ ပိတ်သိမ်းကာ ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)