ကြံခင်း စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလတန်းကျောင်း(သဲဖြူ)တို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အနာဂတ်၏ မျိုးဆက်သစ်လူငယ်များ ဗဟုသုတတိုးပွားလာစေရေးနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်လာစေရန်၊ လူအများရှေ့တွင် ပြောဆိုတတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်ရည်ရွယ်ကာ ယမန်နေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်၊ ပုံပြော၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။
ရှေးဦးစွာ အခြေခံပညာမူလတန်းကျောင်း(သဲဖြူ)မှ ကျောင်းအုပ်ဆရာကြီး ဦးရဲကြူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်၊ ပုံပြော၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို လစဉ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် “စာပေဖတ်ရှုရခြင်းနှင့် အသိအလိမ္မာ” ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ဆက်လက်၍ အခြေခံပညာမူလတန်းကျောင်း(သဲဖြူ)မှ မူလတန်းပြဆရာမ ဒေါ်စမ်းသီတာက ယခုလို ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများစွာ တိုးပွားလာအောင် ဟောပြောပွဲနှင့် ပြိုင်ပွဲများ ပြုလုပ်ပေးပါသော မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဦးစီးဌာန တာဝန်ရှိသူများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ကျင်းပပေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူ (၄၀)ဦးက သက်ဆိုင်ရာ ပြိုင်ပွဲခေါင်းစဉ်များအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါးအသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်တို့ကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်းစားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)