မုံရွာ စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းများဥပတိရုပ် ကောင်းမွန်စေရေးအတွက် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေး အဖွဲ့တို့မှ စားသုံးဆီများ၊ ဆန်များနှင့်ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်စွာဖြင့်ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၅၀၀ ဦးကျော်ဖြင့် အခြေခံပညာ ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ကျောက္ကာလမ်း မုံရွာတက္ကသိုလ်မှ ပြည်ထောင်စုလမ်းအထိ လမ်းဘေးဝဲ/ယာရှိရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် လုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များရှိ ဆရာတော်ကြီးများ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဖွယ်ဝထ္တုပစ္စည်းများ၊ ဆေးနှင့် ဆွမ်း ဆန်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းခြင်းကို မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ ပညာရောင်ခြည်ကျောင်းတိုက်ကြီးတွင် ကျင်းပရာ မုံရွာမြို့၊ ပညာရောင်ခြည်ကျောင်းတိုက်၊ ဦးစီးပဓာနနာယက ဘဒ္ဒန္တဝိလာသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံ ယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လှူဖွယ်ဝထ္တုပစ္စည်းများ၊ ဆေးနှင့် ဆွမ်း ဆန်၊ ဆီ၊ ဆား၊ ပဲများအား ဆက်ကပ်လှူဒါန်းခဲ့ ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ တိပိဋကာလင်္ကာရကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ ဦးစီးပဓာ နနာယက ဘဒ္ဒန္တကောဝိဒ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လှူဖွယ်ဝထ္တုပစ္စည်းများ၊ ဆေးနှင့် ဆွမ်း ဆန်၊ ဆီ၊ ဆား၊ ပဲများအား ဆက်ကပ်လှူဒါန်းခဲ့ ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အောင် ချမ်းသာရပ်ကွက်ရှိ သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ ဦးစီးပဓာနနာယက၊ ဘဒ္ဒန္တဇောတိပါလာလင်္ကာရ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေး မှူးများက လှူဖွယ်ဝထ္တုပစ္စည်းများ၊ ဆေးနှင့် ဆွမ်း ဆန်၊ ဆီ၊ ဆား၊ ပဲများအား ဆက်ကပ် လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)