ပွင့်ဖြူ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပတ်လမ်းနှင့် မြို့တွင်းမိန်းလမ်းမကြီးတစ်လျှောက် လမ်းဘေး (ဝဲ၊ယာ)တွင် ဖွင့်လှစ်ရောင်းချနေသော ဈေးဆိုင်လုပ်ငန်းရှင်များ လမ်းနယ်နိမိတ်နေရာ ကျူးကျော်၍ ဈေးရောင်းချမှုများ မရှိစေရေးအတွက် စက်တင်ဘာ (၁၂)ရက်နေ့က ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ပွင့်ဖြူမြို့ပတ်လမ်းနှင့် မြို့တွင်းမိန်းလမ်းမကြီးတစ်လျှောက်တွင် ဖွင့်လှစ်ရောင်းချနေသော ဈေးဆိုင်ခန်းများသို့ သွားရောက်ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဈေးရောင်းချရာတွင် မိမိတို့ဈေးဆိုင်ခန်းများအား လမ်းနယ်နိမိတ်ကျူးကျော်၍ ဈေးရောင်းခြင်းများမပြုလုပ်ကြရန်၊ ဈေးဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေး အလေးထားဆောင်ရွက်သွားကြရန်၊ သတ်မှတ်ထားသော ဈေးဆိုင်ဧရိယာအတွင်း၌သာ ဈေးရောင်းချရန် အသိပညာပေး ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့ပတ်လမ်းနှင့် မြို့တွင်းမိန်းလမ်းမကြီးတစ်လျှောက်တွင် ဖွင့်လှစ်ရောင်းချနေသော ဈေးဆိုင်ခန်းများအား သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ မီးဘေးအန္တရာယ်လုံခြုံစိတ်ချရမှု ရှိ/မရှိနှင့် ဈေးဆိုင်ခန်းများ လမ်းနယ်နိမိတ်နေရာကျူးကျော်၍ ဈေးရောင်းချခြင်း ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)