မြို့သာယာလှပရေးပန်းအလှပင်နှင့် အရိပ်ရသစ်ပင်များ စိုက်ပျိုး

မြို့သစ် စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန်အတွက် ပန်းအလှပင်နှင့် အရိပ်ရသစ်ပင်များ စိုက်ပျိုးခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့ဝန်ထမ်းများက ဆောင်ရွက်သည်။

အဆိုပါ ပန်းအလှပင်များစိုက်ပျိုးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများက မြို့အဝင်ဆိုင်းဘုတ်နှင့် မြို့ဦးလမ်း၊ လွတ်လပ်ရေးပန်းခြံရှေ့တို့တွင် ပန်းအလှပင်များဖြစ်သည့် ဗိုလ်ကတော်ပင်များ စိုက်ပျိုးခြင်း၊ စိုက်ပျိုးပြီးအပင်များ ရှင်သန်မှုရှိစေရန် အဖွဲ့ပိုင် ရေသယ်မော်တော်ယာဉ်ဖြင့် ရေလောင်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးအတွက် ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ အရိပ်ရအပင်များ စိုက်ပျိုးခြင်းနှင့်အတူ ဒေသခံပြည်သူတို့၏ ကျန်းမာရေးနှင့် ညီညွတ်စေရန် မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်နေပြည်သူများ၏ စွန့်ပစ်ပစ္စည်းများအား အမှိုက်သိမ်းမော်တော်ယာဥ်ဖြင့် နေ့စဉ် သိမ်းဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

သန်းဝင်းထွန်း ( ပြန်ဆက် )