ကျိုက်လတ်၌ ၂၀၂၅ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနား ကျင်းပ

ကျိုက်လတ် စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကျိုက်လတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျင်းပပြုလုပ်သော ၂၀၂၅ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ငုရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌကြီး ပါမောက္ခဒေါက်တာမျိုးညွှန့်မှ ပေးပို့သော ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ သဝဏ်လွှာကို မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးရဲမြင့်လှိုင်က ဖတ်ကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ကြက်ခြေနီအသင်း နာယကကြီးကိုယ်စား အဖွဲ့ဝင်ဦးစိန်မြင့်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ အကြံပေးဆရာကြီး ဦးစိန်ဝှီးက ကမ္ဘာ့ရှေးဦးပြုစုခြင်းဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဂုဏ်ထူးဆောင် ဦးခင်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်