၂၀၂၅-၂၀၂၆ ခုနှစ် ဆီထွက်သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းဖွင့်

ချောင်းဦး  စက်တင်ဘာ  ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ချောင်းဦးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် စက်တင်ဘာ  ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီက ၂၀၂၅-၂၀၂၆ ခုနှစ် ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းပြုလုပ်ခဲ့သည်။

သင်တန်းတွင် မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေမှ သင်တန်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်မာလာနွယ်မှ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်းများအကြောင်း၊ ဒေါ်ထက်ထက်အောင်မှ စိုက်ပျိုးနည်းစနစ်နှင့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း၏ အရေးပါမှုအား ပို့ချပေးခဲ့သည်။ မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေမှ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရာတွင် အလေးထားဆောင်ရွက်ရမည့်အချက်များအား ဖြည့်စွက်ဆွေးနွေးပြီး တောင်သူများအား စူပါဘိုကာရှီ လက်တွေ့ပြုလုပ်ပြသ သရုပ်ပြခဲ့သည်။ သင်တန်းသို့ ဌာနဆိုင်ရာ မှ ၁၆ ဦး၊ တောင်သူ၅၉ဦး၊ စုစုပေါင်း ၇၅ဦး တက်ရောက်ခဲ့ပြီးအတွေ့အကြုံများအား အပြန်အလှန် ဆွေးနွေးခဲ့သော တောင်သူများကို နည်းပညာပေး လက်ကမ်းစာစောင်၊ သင်တန်းမှတ်စုများ၊ အပင်အားဆေးများ လက်ဆောင်ပေးအပ်ခဲ့သည်။

ချောင်းဦးမြို့နယ်၌ မိုးစပါး၅၇၈၈ဧက၊ ချည်မျှင်ရှည်ဝါ၄၅၇၀ဧက၊ ဆီထွက်သီးနှံဖြစ်သည့် နေကြာ၊ မြေပဲ၊ နှမ်းများစိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေထံမှ သိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)