ရေနံချောင်း စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ “သင်းရနံ့စုံစုံ တို့တက္ကသိုလ်ဂုဏ်”ခေါင်းစဉ်ဖြင့် YNCU Campus Vibes 2025 အခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်သည်။
အခမ်းအနားကို ရေနံချောင်းတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက YNCU Campus Vibes Theme Song ဖြင့် သီဆိုဖွင့်လှစ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က Campus Vibes ဆိုတာ တက္ကသိုလ်အသက်ဝင်လှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်၊ အရိပ်၊ အငွေ့ အသက်နဲ့ ယဉ်ကျေးမှုအစုအဝေးကို ဖော်ပြတဲ့ စကားစုတစ်ခုဖြစ်ပါကြောင်း၊ မောင်တို့ မယ်တို့အနေဖြင့် သင်ယူသော အသိပညာများကို စာမေးပွဲအောင်ရန်အတွက်သာမဟုတ်ဘဲ လူ့အသိုက်အဝန်းအတွက် အကျိုးပြုနိုင်ရန် လက်တွေ့အသုံချစေလိုကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်နေသော နည်းပညာနှင့်အတူ တစ်သက်တာသင်ယူမှုများကို ပြုလုပ်ကြရမည်ဖြစ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်က အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး မေဂျာပေါင်းစုံ ကာယဗလမောင်ပြိုင်ပွဲ၊ လှယဉ်ကျေးမယ်ပြိုင်ပွဲနှင့် တေးသရုပ်ဖော်အကများ၊ ဖျော်ဖြေရေးအစီအစဉ်များကို ဆက်လက်ကျင်းပသည်။
ယင်းနောက် ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ်အတွင်း ကျင်းပခဲ့သည့် စာပေ၊ အနုပညာ၊ အားကစား၊ သုတေသနနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ၊ သင်တန်းများနှင့် နယ်ပယ်ကဏ္ဍအသီးသီးတို့တွင် ထူးချွန်ဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)