ထားဝယ် စက်တင်ဘာ ၁၃
မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ အခမ်းအနားသို့တက်ရောက်ခဲ့သော တနင်္သာရီတိုင်းဒေသကြီးလူငယ်ကိုယ်စားလှယ်အဖွဲ့က အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် “ဘွဲ့နှင်းသဘင်ခန်းမ” ၌ ကျင်းပခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး တိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များက လူငယ့်စွမ်းရည်သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ယနေ့အခမ်းအနားသည်ရန်ကုန်မြို့တွင် ၂၀၂၅ ခုနှစ် ဩဂုတ်လ(၃၀)ရက်နေ့မှစက်တင်ဘာလ(၁)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာ ဗျူဟာဖိုရမ် -၂၀၂၅ ကို တက်ရောက်ဆွေးနွေးခဲ့ကြသော တိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဖိုရမ်ကနေရရှိခဲ့သောအတွေ့အကြုံနှင့် ဗဟုသုတကောင်းများကို လူငယ်များသိရှိအောင် ပြန်လည်မျှဝေပေးသည့် အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ ဖိုရမ်လူငယ်များကို Global Outlook များရရှိစေရန်အတွက် ပြည်ပက ပညာရှင်များကို ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံအပေါ်သူတို့၏ရှုမြင်ခံစားမှုများ၊ မိမိနိုင်ငံ၏ပထဝီအနေအထားတည်ရှိမှုနှင့် ရရှိလာနိုင်သည့် အကျိုးစီးပွားများအနာဂတ်မှာကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများကို လူငယ်များ သိရှိလာအောင် ဆွေးနွေးသွားကြသည်ကိုလည်း တွေ့ရှိရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်စွမ်းအားစုတစ်ရပ်လုံးသည် နိုင်ငံ၏အနာဂတ်များအဖြစ်၊ ယုံကြည်တန်ဖိုးထားသောကြောင့် လူငယ်ကဏ္ဍ (၁၆)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး လူငယ်ရေးရာမူဝါဒများ၊ လူငယ်ဖွံဖြိုးရေးအစီအစဉ်များကို ခေတ်နှင့်အညီချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကျင်းပပြီးစီးခဲ့သောဖိုရမ်သည် ပြောင်းလဲနေသည့် ကမ္ဘာနှင့်မြန်မာနိုင်ငံကို ပထဝီနိုင်ငံရေးရှုထောင့်၊ ပထဝီစီးပွားရေးရှုထောင့်ကနေရှုမြင်တတ်စေရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်လမ်းကြောင်းတွေ ရှုမြင်အဆိုပြုနိုင်စေရန်၊ လူငယ်များအကြား ခေါင်းဆောင်မှု စူးစမ်းနိုင်မှုနှင့် လူမှုဆက်ဆံရေးကျွမ်းကျင်မှုအရည်အချင်း များမြင့်မားလာစေရန်၊အမျိုးသားအဆင့် ဒေသဆိုင်ရာအဆင့် အစီအစဉ်များတွင်တတ်ကြွသော “ဖိုရမ်ဆင်းလူငယ်ကွန်ယက်” ဖန်တီးနိုင်ရန်ကောင်းမွန်သည့် ရည်ရွယ်ချက်များအပြင်လူငယ်များအတွက် ရင်းနှီးမြှပ်နှံခြင်းသည်နိုင်ငံတော် ၏အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှပ်နှံခြင်းဖြစ်သော သဘောတရားကို ခိုင်ခိုင်မာမာ ယုံကြည်ပြီး ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅သည် ကောင်းမွန်သော အစီအစဉ်များ လေ့လာသင်ယူမှုပုံစံများ၊ ဆွေးနွေးပွဲ စကားဝိုင်းပုံစံများကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ဒါကြောင့် တိုင်းဒေသကြီးက လူငယ်ကိုယ်စားလှယ်များအနေဖြင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များနှင့်အတူ စနစ်တကျလေ့လာသင်ယူမှတ်သားနိုင်၍ ယခုလိုမိမိတို့ရရှိခဲ့သည့် အတွေ့အကြုံကောင်းများကို ပြန်လည်မျှဝေပေးနိုင်ခဲ့ပြီး ဖိုရမ်၏ ရည်ရွယ်ချက်များအားအောင်မြင်စွာ စတင်အကောင်အထည် ဖော်နိုင်ခဲ့ပြီဖြစ်သောကြောင့်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် များစွာဂုဏ်ယူ ဝမ်းမြောက်မိကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုထံသို့ တိုင်းဒေသကြီးလူငယ်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်၊ လူမှုရေးရာဝန်ကြီးဦးသက်နိုင်က လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အထိမ်းအမှတ် တံဆိပ်အားအပ်နှံကာ တိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့အုပ်ချုပ်သူ ဒေါက်တာဇော်မိုးဝင်းက မြန်မာ့အနာဂတ် မျက်နှာစာလူငယ်မဟာဗျူဟာ ဖိုရမ်-၂ဝ၂၅သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံအား ရှင်းလင်းတင်ပြပြီး မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်- ၂၀၂၅ မှထွက်ပေါ်လာသည့် လူငယ်ဖိုရမ် ကြေငြာစာတမ်းကို တိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်များက ဖတ်ကြားတင်ပြသည်။
ဆက်လက်၍လူငယ်ကိုယ်စားလှယ် မောင်ဝေမြတ်ဇော်က “လူငယ်များဦးဆောင်သည့် ယဉ်ကျေးမှု နှင့် တီထွင်ဆန်းသစ်မှုများကတစ်ဆင့် မြန်မာကို နိုင်ငံတကာသို့ ဖော်ထုတ်တင်ပြရေး”ခေါင်းစဉ်၊ မောင်လင်းထက်အောင်က “လူငယ်နှင့် ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်၊ မမြတ်ရတနာသင်းက “ရေရှည်တည်တံ့မှုနှင့်ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက်မှု” ခေါင်းစဉ်၊ မောင်ထက်နိုင်ဝင်းက “အနာဂတ်ပညာရေးနှင့်ကျွမ်းကျင်မှု” ခေါင်းစဉ်၊ မပြည့်ပြည့်ခိုင်က“ ကမ္ဘာ့စိန်ခေါ်မှုများနှင့်လူငယ်များ၏ဖြေရှင်းမှုများ”ခေါင်းစဉ်များဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးကြပြီး တိုင်းဒေသကြီးလူငယ်ကိုယ်စားလှယ်များက “ဖိုရမ်နှလုံးသား” သီချင်းဖြင့်အခမ်းအနားအား ပိတ်သိမ်းကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)