ပြည် စက်တင်ဘာ ၁၃
၂၀၂၅ခုနှစ်၊ ပြည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၄)နာရီက ပြည်မြို့ ခေတ္တရာရွှေပြည် ခရိုင်အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါအမျိုးသမီးဘောလုံးပြိုင်ပွဲကို ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ပေါက်ခေါင်းမြို့နယ်နှင့် ပြည်တက္ကသိုလ်၊ ပြည်ပညာရေးဒီဂရီကောလိပ်၊ ပြည်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(ပြည်) ကိုယ်စားပြုအသင်းတို့ဖြင့် ယခုလ (၈)ရက်နေ့က စတင်ကျင်းပခဲ့ပြီး ယနေ့ဗိုလ်လုပွဲတွင် ရွှေတောင်မြို့နယ်အသင်းက ပြည်မြို့နယ်အသင်းအား (၁)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး ဗိုလ်လုပွဲယှဥ်ပြိုင်နေမှုကို ပြည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဘောလုံးဝါသနာရှင် ဒေသခံပြည်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု၊ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုနှင့် ဆုရအသင်းအလိုက် တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်များအပါအဝင် ပထမဆုရ ရွေတောင်မြို့နယ်အသင်း၊ ဒုတိယဆုရ ပြည်မြို့နယ်အသင်းနှင့် တတိယဆုရ ပြည်ပညာရေးဒီဂရီကောလိပ်အသင်းတို့အား သတ်မှတ်ဆုဖလားများနှင့် ငွေသားဆုများကို ပြည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)