တမူး စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် (၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုမှ နိုင်ငံတော်အနေဖြင့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်အား ဖော်ဆောင်ပေးနိုင်ရေးအတွက် အဖက်ဖက်မှ အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ခရိုင်အတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ လျာထားမဲရုံများအလိုက် မဲစာရင်းများပြုစုနိုင်ရေး၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များ၌ မိမိတို့အနေဖြင့် လိုအပ်သည်များ ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မဲပေးစက်နှင့်စပ်လျဉ်း၍ သေချာစွာလိုက်နာမှတ်သားရန်နှင့် ရွေးကောက်ပွဲကာလတွင် အဆိုပါ မဲပေးစက်များအား လက်တွေ့အသုံးပြုရာ၌ အခက်အခဲမရှိ အမှားကင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခိုင်သဉ္ဇာဖြိုးမှMEVM စက်နဲ့ပတ်သက်သည့် အကြောင်းအရာများအား မိတ်ဆက်ခြင်းနှင့်စက်တွင်ပါဝင်သည့် အစိတ်အပိုင်းများအကြောင်းတို့ကို သရုပ်ပြရှင်းလင်းတင်ပြခြင်းနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ကျော့ယမင်းကိုကိုမှ မဲပေးချက် ဖေါ်ပြသည့်စက်တွင် ပါဝင်သည့် စက်အစိတ်အပိုင်းအကြောင်း၊ မဲပေးစက်တပ်ဆင်ခြင်း၊ မဲပေးစက်စမ်းသပ်ခြင်းတို့ကို လက်တွေ့သရုပ်ပြရှင်းလင်းခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လက်တွေ့စမ်းသပ်ပေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ဦးစီးအရာရှိ ဒေါ်ကျော့ယမင်းကိုကို မှမဲရလဒ်များမထုတ်ယူမီ စစ်ဆေးရမည့်အချက်များနှင့် မဲရလဒ်ထုတ်ယူ ခြင်းအကြောင်းများအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများကပြန်လည်ရှင်းလင်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ (၈၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ရတနာ