ဟင်္သာတ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ကင်မွန်းချောင်းကျေးရွာအုပ်စု၊ ငါးဖယ်ထူ (မ)ကျေးရွာတွင် ခေတ်မီစံပြ ကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) မိတ်ဆက်ခြင်းရှင်းလင်းဟောပြောခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြား ရာတွင် ခေတ်မီစံပြကျေးရွာ ဖြစ်ပေါ် လာစေရန်အတွက် ကျေးရွာသူ၊ ကျေးရွာသားတွေ သာမက ကျေးရွာတွင်ရှိသော အသင်းအဖွဲ့ များအနေဖြင့် မိမိတို့ကျေးရွာကို ဖွံ့ဖြိုးတိုးတတ်လာအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးကျော်အောင်နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းက ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) လုပ်ဆောင်ရာတွင် လိုအပ်သောအချက်များနှင့် ပြုလုပ်ရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ဌာန များအလိုက် ဆောင်ရွက်မည့်အစီအမံများကို အသီးသီးဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဒေသခံကျေးရွာသားများ ကိုယ်စားတစ်ဦးမှ ကျေးရွာ၏လိုအပ်ချက် များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် တာဝန်ရှိသူများမှ ကော်ဖီမျိုးစေ့အပင်ပေါက်များကို ဒေသခံပြည်သူများထံသို့ ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများအကြီးအကဲများ၊ ခေတ်မီစံပြကျေးရွာ (Smart Village) တည်ထောင်ရေး ကော်မတီဝင်များ၊ ဒေသခံ ကျေးရွာပြည်သူများ စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)