ဟင်္သာတ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ICT Project ပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၊ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်၊ နိုင်ငံ့အကျိုးပြု၊ ဒေသအကျိုးပြု၊ MSME အကျိုးပြု၊ ဌာနဆိုင်ရာများအတွက် e-Government အထောက်အကူပြု ICT အခြေပြု Project များနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာစေရန်၊ ဒေသတွင်းကျောင်းသား လူငယ်များ ICT နည်းပညာဗဟုသုတရရှိစေရန်နှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ICT နည်းပညာ၏ အရေးပါမှုကို သိရှိစေရန်ရည်ရွယ်၍ ဤအခမ်းအနားကို ကျင်းပခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဆုရရှိသူများအား ကြေညာ၍ ဆုရရှိသူများက မိမိတို့ပြုလုပ်ထားသော Project များကို ရှင်းလင်းပြသခဲ့ကြပြီး ဒုတိယ ပါမောက္ခချုပ်၊ ဒေါက်တာ ထွန်းမြတ်အောင်နှင့် တာဝန်ရှိသူအသီးသီးက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်နှင့် ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်(ဟင်္သာတ)