မြောင်းမြခရိုင် (Community Centre) ခန်းမတွင် (၁၃) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

မြောင်းမြ စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် (၁၃) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားလာပြီး အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်အတွက် Mobile Library Bus ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းနှင့် စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)