ကရင်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၇)(၉/၂၀၂၅)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများနှင့်တွေ့ဆုံ

ဘားအံ စက်တင်ဘာ ၁၃

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၇) (၉/၂၀၂၅) သို့ တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံ သင်တန်းကျောင်းတွင် ရောက်ရှိနေသော ကရင်ပြည်နယ်အတွင်းမှနိုင်ငံ့သားကောင်းရတနာများအား စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ သွားရောက်တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှ သင်ကြားပေးသောစစ်ပညာရပ်များကိုကြိုးစားသင်ယူပြီး စိတ်ဓာတ်စွမ်းရည်၊ စည်းကမ်းစွမ်းရည်၊ လေ့ကျင့်ရေးစွမ်းရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် အားထုတ်ဆောင်ရွက်ပေးကြဖို့မှာကြားလိုကြောင်း၊ သင်တန်းကျောင်းမှ သင်ကြားပေးသောစစ်ပညာရပ်များကို ကျွမ်းကျင်စွာတတ်မြောက်ရန်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှုကောင်းသည့် စစ်သည်ကောင်းတစ်ယောက်ဖြစ်လာရန် ကြိုးစားလိုက်နာလေ့ကျင့်ကြစေလိုကာ နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၇) (၉/၂၀၂၅) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ နယ်မြေခံတပ်နယ်မှတာဝန်ရှိသူများသည် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၇) (၉/၂၀၂၅) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား တစ်ဦးချင်းရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)