ဖြူးမြို့နယ်၌ သားဆက်ခြားနည်းလမ်းများအကြောင်း ရှင်းလင်းခြင်းနှင့် နှစ်သိမ့်ဆွေးနွေး ဟောပြော

ဖြူး စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးများ၏ ကျန်းမာရေးအတွက် သားအိမ်ခေါင်းကင်ဆာရောဂါနှင့် သားဆက်ခြားနည်းလမ်းများအကြောင်း သိကောင်းစရာများကို စက်တင်ဘာလ(၉)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ရေသျှံကြီးကျေးရွာအုပ်စု၊ ရေလျှံကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဆေးပေးခန်းတွင် ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးမှူး၊ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ကျော်မိုးနှင့် ကျန်းမာရေး ဆရာ၊ ဆရာမများက သားအိမ်ခေါင်းကင်ဆာရောဂါနှင့် သားဆက်ခြားနည်းလမ်းအကြောင်း၊ သားဆက်ခြားဆေးကို စနစ်တကျသောက်သုံးနည်းနှင့် မိခင်နှင့်ကလေးသေနှုန်းကျဆင်းရေးအတွက် ကိုယ်ဝန်ဆောင်စဉ်တွေ့ကြုံရသည့် အန္တရာယ်လက္ခဏာများအကြောင်း စသည့် မိသားစုစီမံကိန်းနှင့်ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများအား အသိပညာပေးဟောပြောခဲ့သည်။

အလားတူ ဇေယျဝတီမြို့၊ ကညွတ်ကွင်းမြို့၊ ညောင်ပင်သာကျေးရွာနှင့် ဝဲကြီးကျေးရွာများရှိ ကျန်းမာရေးဌာနများတွင်လည်း သားဆက်ခြားနည်းလမ်းများအကြောင်း ရှင်းလင်းခြင်းနှင့် နှစ်သိမ့်ဆွေးနွေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)