ကျိုက်လတ်၌ စားသုံးဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊ မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျိုက်လတ် စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊ မရှိ တာဝန်ရှိသူများ ယနေ့နံနက်ပိုင်းက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မြို့ပေါ်ရပ်ကွက်များ နှင့်မြို့မ ဈေးကြီးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်း ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ မြို့နယ်ဆီကုန်သည်ကြီးများအသင်းနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က မြို့ပေါ်ရပ်ကွက်များနှင့် မြို့မဈေးကြီးအတွင်းရှိ စားသုံးဆီ အရောင်းဆိုင်များသို့ သွားရောက်၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊ မရှိစစ်ဆေးခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချစေရေး၊ ဈေးနှုန်းများမြှင့်တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်နိုင်ရေး စသည့်အချက်များအား ဆွေးနွေးမှာကြားခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)