ပြည်ကြီးမဏ္ဍိုင်မြို့တွင် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး ဟောပြော 

ပြည်ကြီးမဏ္ဍိုင်  စက်တင်ဘာ  ၁၂  

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့  ပူးပေါင်းကျင်းပသော လူကုန်ကူးမှုဆိုင်ရာ  အသိပညာပေး ဟောပြောပွဲကို  စက်တင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီက အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပသည်။

ဟောပြောပွဲတွင်ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက လူကုန်ကူးမှုပြသနာတွေဟာ ယနေ့ထိတိုင် မိမိနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ အမျိုးသား ၊အမျိုးသမီးနှင့် ကလေးသူငယ်တွေကို ငွေကြေးနှင့် သွေးဆောင်ဖြားယောင်းပြီး အလုပ်ကြမ်းများလိမ်ညာခိုင်းစေခြင်း၊ ငွေကြေးလိမ်ညာမှုပြုခြင်း၊ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ အလိုမတူခိုင်းစေခြင်း၊ အရွယ်မရောက်သေးသောသူများကို နိုင်ငံခြားသားများဖြင့် ထိမ်းမြားလက်ထပ်စေခြင်းစသော လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များစွာရှိကြောင်း၊  လူကုန်ကူးမှုဆိုသည်မှာ  လူ့အသိုင်းအဝိုင်းကို လုံခြုံမှုကင်းမဲ့စေကြောင်းနှင့်  လူကုန်ကူးမှုကိုတိုက်ဖျက်ရာတွင် လူတစ်ဦးချင်း၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံး ယခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်  ပါဝင်ဆောင်ရွက်သင့်ကြောင်းကို   ဟောပြောသည်။

ဆက်လက်၍   လူကုန်ကူးခံရသူများရရှိနိုင်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ လူကုန် ကူးသူကခေါင်းပုံဖြတ်ခြင်းများ၊ လူကုန်ကူးမှု၏အစိတ်အပိုင်းများစသည့် အသိပညာပေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အကြောင်းအရာများပါဝင်သည့် နံရံကပ် စာစောင်များအားပြသရာ ကျောင်းသား/ကျောင်းသူများ က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)