(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲကျင်းပ

ဘားအံ စက်တင်ဘာ ၁၂

(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်) ဖွင့်ပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ပြိုင်ပွဲဖွင့်ပွဲတွင်ကရင်ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတကာအသိအမှတ်ပြုလေးစားခံရသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုသုခုမများကို မပျောက်မပျက်အောင် ပြည်နယ်သူ၊ ပြည်နယ်သားများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်မောင်မယ်များ ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပြီး တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် သဘင်အစည်းအရုံးက မင်္ဂလာအောင်ပွဲ တေးသရုပ်ဖော်အက၊ ဂီတအစည်းအရုံးက ဂီတသဘင်အောင်ပွဲဆင်တေးသီချင်း၊ ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဒုံးအကတို့ဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြပြီး အခြေခံပညာ (၁၀-၁၅) အဆင့်၊ အခြေခံပညာ (၁၅-၂၀) အဆင့်နှင့် အဆင့်မြင့်ပညာအဆင့် အဆို၊အက၊ အရေး၊ အတီး၊ ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဌာနမှပို့ချပေးခဲ့သော အသက်မွေးဝမ်းကျောင်းနည်းပညာများကို လက်တွေ့အသုံးချပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို လက်ခံရရှိပြီးသည့်အခါ အသေးစားကုန်ထုတ်လုပ်ငန်းများကို မဖြစ်မနေထူထောင်သွားရမည်ဖြစ်ကာ ကုန်ပစ္စည်းထုတ်လုပ်ခြင်းနှင့် ဈေးကွက်ရရှိရေးဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့လာခဲ့ပါက ဌာနနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်၍ လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးလက်နေမိသားစုများအား စွမ်းဆောင်ရည်မြင့်မားသော ဝင်ငွေကောင်းမွန်သော၊ ခေတ်မီဆန်းသစ်သော ထုပ်ပိုးနည်းစနစ်များဖြင့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်နိုင်သော၊ ဒေသအကျိုး၊ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးကို သယ်ပိုးနိုင်သော ကုန်ထုတ်လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက ဝင်ငွေတိုးစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာ (၁၀) ရွာ၊ သင်တန်းအမျိုးအစား(၅)မျိုးမှ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသော ထူးချွန်သင်တန်းသား၊ သင်တန်းသူများအား စုစုပေါင်းငွေကျပ် သိန်း (၇၀၀) ကျော်တန်ဖိုးရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ ထူးချွန်သင်တန်းသား၊ သင်တန်းသူများနှင့်စုပေါင်း မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လူသုံးကုန်ထုတ်လုပ်မှု၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု၊ စက်ချုပ်နည်းပညာ၊ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း၊ လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာများနှင့် သက်ဆိုင်သောဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)