မုံရွာ၊ စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကွန်ပျူတာတက္ကသိုလ် (မုံရွာ) အဋ္ဌမအကြိမ် တီထွင်ဖန်တီး မှုပြပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဘွဲ့နှင်း သဘင်ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ယခုပရောဂျက်ပြပွဲသည် ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူမှုနှင့် တီထွင်ဖန်တီးမှုစွမ်းရည်အား ထင်ဟပ်စေရုံ သာမက မိမိတို့တိုင်းဒေသကြီး၏ နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာကောင်းများကိုလည်း ဖော်ပြပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် လည်းကျောင်းသား၊ကျောင်းသူများ၏ စဉ်းစားတွေးခေါ်မှု၊ ဆန်းသစ်တီထွင်မှု စွမ်းရည်များကိုအားပေးသည့် ပညာရပ်များ၊ လက်တွေ့သင်တန်းစာများ၊ သင်ကြားနည်းစနစ်များ အားအသုံးပြုပြီး လူမှုပတ်ဝန်းကျင်အတွက် အထောက်အကူပြုမည့် သုတေသနများနှင့် နည်းပညာအသုံးချ တီထွင်ဖန်တီးမှုစွမ်းအားများ မြင့်မားလာအောင် လေ့ကျင့်သင်ကြားပေးသွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများဖြစ်သည့် မောင်တို့မယ်တို့အနေဖြင့်လည်း နည်းပညာများအားအသုံးချပြီး လူ့အဖွဲ့အစည်းအတွက် အထောက်အကေူပြုမည့် တီထွင်ဖန်တီးမှုများအား များများလုပ်ဆောင်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကွန်ပျူတာတက္ကသိုလ် (မုံရွာ) ပါမောက္ခချုပ်မှ အဋ္ဌမအကြိမ်တီထွင် ဖန်တီးမှုပြပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကွန်ပျူတာတက္ကသိုလ် (မုံရွာ)မှ ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။
ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ပါမောက္ခချုပ်ထံ တေးသီချင်းများဖြင့် ကပြဖျော်ဖြေပေးသွားကြသော ကျောင်းသူများအတွက် ဂုဏ်ပြုချီး မြှင့်ငွေများပေးအပ်ကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသော ကွန်ပျူတာတက္ကသိုလ် (မုံရွာ) မှ ကျောင်းသား၊ကျောင်းသူများ ကိုယ်တိုင်စုပေါင်းတီထွင်ဖန်တီးထားသည့် ပရောဂျက်ပြခန်း ၅၁ ခန်းတို့အား လိုက်လံ ကြည့်ရှုအားပေးရာ ကျောင်းသား/သူများက မိမိတို့နှင့်သက်ဆိုင်သည့် ပရောဂျက်ပြခန်းများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းပြသကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)