နတ်မောက် စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။
ဦးစွာ နတ်မောက်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ” တေးသီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးက ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး စာပေအသိပညာကြွယ်ဝရေးနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။
ဆက်လက်၍ အမှတ်(၁) အခြေခံပညာထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “ထာဝရ မြန်မာ” သီချင်းနှင့် “သွေးချင်းတို့ရဲ့မြေ” သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦ၀င်းနိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားတွင် အထူးအစီအစဉ်တစ်ရပ်အဖြစ် ထည့်သွင်းကျင်းပသော အမြဲမပြတ်လေ့လာသင်ယူရေး စကားဝိုင်း(Never Stop Learning Talk Show)တွင် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ရေးသားသော မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးကို ဖော်ကျူးသည့် “သူ့ကျွန်မခံပြီ” စာအုပ်အား ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများကို တစ်ဦးချင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ တာဝန်ရှိသူများက ဆုရရှိသူများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ စာအုပ်စာစောင်ပြခန်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားတွင် အခြေခံပညာအဆင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ၊ အမြဲမပြတ်လေ့လာသင်ယူရေး စကားဝိုင်း ဆွေးနွေးပွဲအပြင် ရောင်စုံဓာတ်ပုံပြခန်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲများဖြင့် စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ နှစ်ရက်တိုင်တိုင် ကျင်းခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
လှဝင်း