ပုသိမ် စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံ(၁၅၀ပေ× ၁၁၀ပေ)အဆောက်အဦတည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါအားကစားရုံဆောက်လုပ်မည့် မြေနေရာတွင်ကျင်းပခဲ့ရာ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တက်ရောက်၍ ပန္နက်တင်ပေးခဲ့ကြသည်။
ဉီးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် မင်္ဂလာပန္နက်တင်မည့် သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီးနောက် မင်္ဂလာအချိန် ရောက်ရှိသည်နှင့် အသီးသီးပန္နက်တော်တင်ခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် ဖူဆယ်အားကစားရုံ တာဝန်ယူဆောက်လုပ်မည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အဆောက်အဦဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “အဆောက်အဦ ဆောက်လုပ်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်ရမည့်အပြင် အဆောက်အဦ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်” မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)