တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက်  မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးနေမှုအား ကြည့်ရှုစစ်ဆေး

ပုသိမ် စက်တင်ဘာ ၁၂

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများက  အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးနေမှုများကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ မြကန်သာရပ်ကွက်၊ ဦးဘချိုလမ်း၌ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများက အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စာရင်းများပြည့်စုံမှန်ကန်စေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့် လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ ကွယ်လွယ်ကျေးရွာ၊ မြောင်းမြစက်မှုဇုန်ရှိ မနောသုခဆန်စက်သို့သွားရောက်၍ တောင်သူများစပါးလာရောက်ရောင်းချနေမှုများကို ကြည့်ရှုအားပေးပြီး ဆန်စက်လုပ်ငန်းရှင်များ၊ တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများအတွက် စိုက်ပျိုးစရိတ်ကာမိပြီး အကျိုးအမြတ်ရှိရန် စီမံဆောင်ရွက်ပေးနိုင်ရေးနှင့် Export Zone ဖော်ဆောင်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒီဧရာစက်မှုလက်မှုအလုပ်ရုံသို့သွားရောက်၍ မျိုးစေ့ချကိရိယာ( Drum Seeder)များ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူမှ Drum Seeder ထုတ်လုပ်ရာတွင် အသုံးပြုမည့် ပလတ်စတစ်ဘီး၊ ပလတ်စတစ်ဘူး၊ ပလတ်စတစ်ဆွဲကွင်းနမူနာ၊ သံဆွဲကွင်း၊ Iron/ Steel Hollow Shaft များကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က  ဒေသနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းမွန်သည့် မျိုးစေ့ချကိရိယာ (Drum Seeder) များ ထုပ်လုပ်နိုင်ရေး မှာကြားခဲ့ပြီး စမ်းသပ်စိုက်ခင်းတွင် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စမ်းသပ်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ သော်ကရပ်ကွက်၊ ကမ်းနားလမ်းရှိ ရွှေခယ်ဝတီကုမ္ပဏီ ရွှေလင်းယုန် ပေါင်းဆန်စက် (တန် ၁၀၀)သို့  သွားရောက်ကြည့်ရှုစစ်ဆေးရာ  တာဝန်ရှိသူများက မိုးစပါးဝယ်ယူမှု၊ ဆန်စပါးကြိတ်ခွဲမှု၊ ပေါင်းဆန်ထုတ်လုပ်တင်ပို့ရောင်းချမှုလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က အရည်အသွေးကောင်းသော ပေါင်းဆန်များ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေး၊ နှစ်အလိုက်တင်ပို့မှုတန်ချိန်များကို စနစ်တကျမှတ်တမ်းတင်ထားရှိရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)