ပခုက္ကူ စက်တင်ဘာ ၁၂
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လေးနှစ်သင် စတုတ္ထနှစ်-ဒုတိယနှစ်ဝက် သင်တန်းသား၊ သင်တန်းသူများ၏ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကောလိပ်ရှိ မဟာသရေစည်သူဦးဘခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပခုက္ကူမြို့၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်ဇော်မင်းထက်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ပခုက္ကူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းက သင်တန်းကျောင်းသမိုင်းအကျဉ်း၊ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် သင်တန်းအမျိုးအစားများ၊ ဆက်လက်ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းများနှင့် ဘာသာရပ်များအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဗိုလ်မှူးချုပ်ဇော်မင်းထက်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများက (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲ၊ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ မိုးရာသီအားကစားပွဲတော် ဘောလီဘောနှင့်စားပွဲတင် တင်းနစ်ပြိုင်ပွဲ စသည့် ဉာဏ၊ ကာယပြိုင်ပွဲများအလိုက်ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြရာ သင်တန်းသား၊ သင်တန်းသူများက တေးသီချင်း၊ အကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)