၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများ၊ ဗဟိုအဆင့်ရွေးချယ်ခံရသော လူရည်ချွန်များ ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

ကန့်ဘလူ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများ၊ ဗဟိုအဆင့်ရွေးချယ်ခံရသော လူရည်ချွန်များ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ပထမပတ်က ကန့်ဘလူမြို့ မြို့တော်ခန်းမ၌ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်​ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်း သားမိဘများ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို အ.ထ.က(ခွဲ)ညောင်အိုင် ကျောင်းသူလေးများက အနာဂတ်လူရည်ချွန် သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက ယခုလို အောင်မြင်မှုများရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အောင်ချက်အမြင့်မားဆုံး မြို့နယ်အဆင့် ပထမဆု၊ အခြေခံပညာကျောင်းများ အောင်ချက်အမြင့်မား ဆုံး ပထမဆု၊ ဗဟိုအဆင့်ရွေးချယ်ခံရသော လူရည်ချွန်မောင်/မယ်များ၊ ဂုဏ်ထူးများ ဝေဝေဆာဆာရရှိ အောင်၊ အောင်ချက်မြင့်အားအောင် စီမံ၊သင်ကြားပို့ချကြသော မြို့နယ်ပညာရေးမှူးနှင့်ထက်/လယ် ကျောင်းအုပ်ကြီးများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်ကြီးများ၊ အထက်တန်းပြ ဆရာ/ဆရာမများ အားလုံးကို ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားလိုကြောင်း၊ သားကောင်း သမီးကောင်းရတနာများဖြစ်ကြသော ကျောင်းသားကျောင်းသူများသည် နိုင်ငံတော်၏အားကိုးအားထားရသော ပညာရှင် ၊ ပညာတတ်များဖြစ်အောင် ယခုထက်ပို၍ကြိုးစားအားထုတ်ကြပါလို့ တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအဆင့် အောင်ချက်အကောင်းဆုံး မြို့နယ်နှင့်ကျောင်း၊ နိုင်ငံတော်အဆင့် လူရည်ချွန်နှင့်တိုင်းဒေသကြီးအဆင့် Top- 6၊ ငါးဘာသာဂုဏ်ထူးရှင်နှင့်မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံးကျောင်းဆုများ၊ လေးဘာသာဂုဏ်ထူးရှင် ၊ သုံးဘာသာဂုဏ်ထူးရှင် ၊နှစ်ဘာသာဂုဏ်ထူးရှင်နှင့်တစ်ဘာသာဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့်ဆုငွေများ အသီးသီးချီးမြှင့်ပေးအပ်ကြသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးစိုးက ကျေးဇူးတင်စကားပြောကြားပြီး နိုင်ငံတော်အဆင့် လူရည်ချွန်နှင့် တိုင်းဒေသကြီးအဆင့် သိပ္ပံဘာသာတွဲ Top-6၊ ငါးဘာသာဂုဏ်ထူးရှင် မောင်ဘုန်းမြင့်မြတ်က ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် ကန့်ဘလူမြို့နယ်၌ စာစစ်ဌာနနှစ်ခုမှ ဖြေဆိုသူ ကျောင်းသား ၃၉၂ ဦး၊ ကျောင်းသူ ၄၇၉ ဦးစုစုပေါင်း ၈၇၁ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသား ၂၈၁ ဦးနှင့်ကျောင်းသူ ၃၈၀ ဦးစုစုပေါင်း ၆၆၁ ဦးအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၇၅ ဒသမ ၈၉ ရာခိုင်နှုန်းရှိကာ ငါးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၇ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၅ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၇ ဦးနှင့်တစ်ဘာသာဂုဏ်ထူးရှင် ၁၅၇ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)