မင်းလှ စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များအား လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ အမျိုးသမီးများအား အကြမ်းဖက်မှုကာကွယ်ရေးနှင့် သားအိမ်ခေါင်းကင်ဆာအကြေင်း အသိပညာပေးဟောပြောပွဲများကို ယမန်နေ့က အခြေခံပညာအလယ်တန်းကျောင်း (မြောက်ရပ်ကွက်) ကျောင်းဝန်းအတွင်း ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား လူကုန်ကူးမှု၏အဓိပ္ပာယ်၊ လူကုန်ကူးမှုဆိုင်ရာဖြစ်စဉ်များ၊ ရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူသားချင်းဆိုင်ရာဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုသတ်မှတ်ကြောင်း၊ လူကုန်ကူးခံရသောအလုပ်သမားများအား အတင်းအကျပ်ထိန်းချုပ်ကာ လုပ်အားခမပေးဘဲ အနည်းငယ်မျှသာပေး၍ အလုပ်ခိုင်းစေခြင်းစသည့်အချက်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးကျော်သန်းထွဋ်က လူကုန်ကူးခြင်းဖြင့် ကျရောက်နိုင်သည့်ပြစ်မှု ပြစ်ဒဏ်အကြောင်း သိကောင်းစရာများကို ပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသမီးများအား အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေးဟောပြောပွဲကိုကျင်းပရာ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က သက်ငယ်မုဒိမ်းဖြစ်စေသည့်အကြောင်းအရင်းများ၊ ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာမတော်မတရားပြုမူခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်များ၊ ကလေးသူငယ်များအတွက် ဥပဒေပြဋ္ဌာန်းချက်များ စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။
ဆက်လက်၍ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မြမူက အကြမ်းဖက်မှုဥပဒေအကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာခြည်ထွန်းက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပရာ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်မာမာအေးက သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုအခြေအနေ၊ ရောဂါလက္ခဏာများ၊ ကူးစက်ပုံများ၊ ကာကွယ်နိုင်သော ရောဂါဖြစ်သဖြင့် အသက် (၉)နှစ်မှ (၁၂)နှစ် အရွယ်အမျိုးသမီးငယ်များ ကာကွယ်ဆေးထိုးထားသင့်ကြောင်း၊ ရောဂါဖြစ်စ အစောပိုင်းလက္ခဏာများ၊ ရောဂါရင့်ချိန်တွေ့ရှိရသော လက္ခဏာများစသည့် သားအိမ်ခေါင်းကင်ဆာဆိုင်ရာအကြောင်းအရာများကို ဟောပြောသည်။
အဆိုပါ ဟောပြောပွဲသို့ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ရပ်ကွက်)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)