မင်းလှမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်

မင်းလှ စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းက အမှတ်(၁)ရပ်ကွက်၊ ပြည်လုံးချမ်းသာဘုရားကြီးအတွင်း၌ ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ဇင်နွယ်ခိုင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် လွယ်ကူစွာဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်ကာ အသိပညာပေးခြင်းများ၊ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းပြသခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် စမ်းသပ်မဲပေးခြင်းများ လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပေါက်စ (မင်းလှ)