မင်းဘူး စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်တွင် ကျောက်တန်းကျေးရွာ ဓမ္မာရုံနှင့် ရွှေတပင်ကျေးရွာဓမ္မာရုံတို့တွင် ကျင်းပသည်။
ဦးစွာ မင်းဘူးမြို့စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင်က ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း အဆင်ပြေစွာဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးထက်ဝေယံထွန်းက မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုနည်းနှင့် မဲပေးပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးထက်ဝေယံထွန်းနှင့် ဝန်ထမ်းများက မဲဆန္ဒရှင်ပြည်သူများကို မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်ပေးရာ တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ ကိုယ်တိုင်ကိုယ်ကျဆန္ဒမဲပေးခြင်းများဆောင်ရွက်ခဲ့ကြပြီး မဲပေးစက် Printer မှထွက်ရှိလာသည့် စာရင်းဖြင့် ဆန္ဒပြုသူအရေအတွက် မှန်၊ မမှန် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ဆန္ဒမဲလက်မှတ်များစိစစ်၍ မဲရလဒ်ထုတ်ပြန်ခြင်းများ သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)