ပွင့်ဖြူမြို့နယ်၌ ငါးသယံဇာတဖူလုံစေရန် မုန်းချောင်းသဘာဝရေပြင်အတွင်း ငါးမျိုးစိတ်ကောင်ရေ နှစ်သိန်း စိုက်ထည့်

ပွင့်ဖြူ စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန်နှင့် ငါးသယံဇာတများကြွယ်ဝစေရန်ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်အနီး မုန်းချောင်းသဘာဝရေပြင်အတွင်း ငါးမျိုးစိတ်ကောင်ရေ နှစ်သိန်း စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ငါးမျိုးစိတ်စိုက်ထည့်ပွဲအခမ်းအနားသို့ ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်စံပယ်လှိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးသားဖောက်စခန်းတာဝန်ခံ ဦးစိုးလှိုင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသည့် ဒေသခံပြည်သူများနှင့် ရေလုပ်သားများ တက်ရောက်ကြပြီး ငါးသယံဇာတဖူလုံစေရေးအတွက် မုန်းချောင်းသဘာဝရေပြင်အတွင်း နှစ်လက်မအရွယ်ရှိ ငါးမြစ်ချင်း ငါးမျိုးစိတ်ကောင်ရေ တစ်သိန်း၊ ငါးခုံးမကြီး ငါးမျိုးစိတ်ကောင်ရေ တစ်သိန်း၊ စုစုပေါင်း ငါးမျိုးစိတ်ကောင်ရေ နှစ်သိန်းအား စုပေါင်းမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ဒေသတွင်းရှိ ပြည်သူများ ငါးစားသုံးမှုဖူလုံစေရန်နှင့် ငါးသယံဇာတများ ပေါကြွယ်ဝစေရန်အတွက် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် နှစ်စဉ်မြို့နယ်အတွင်းရှိ မြစ်/ချောင်းနှင့် ဆည်တမံများ၊ စပါးစိုက်လယ်မြေများအတွင်း ငါးမျိုးစိတ်များ စိုက်ထည့်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည့်အပြင် မြို့နယ်ငါးသားဖောက်စခန်းကလည်း ဒေသခံရေလုပ်သားများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရွှေဝါငါးကြင်း၊ ငါးခုံးမကြီး၊ ငါးမြစ်ချင်း စသည့် ငါးမျိုးစိတ်များကို မွေးမြူထုတ်လုပ်ကာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းနှင့်  အခြေခံငါးမွေးမြူရေးဆိုင်ရာသင်တန်းများကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်စံပယ်လှိုင်ထံမှ သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )