လေရှီး စက်တင်ဘာ ၁၂
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် မိုးရာသီအထိမ်းအမှတ် မြို့နယ်ပညာရေးမှူးဖလား ကျောင်းအဆင့် ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မြို့နယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီအားကစားကွင်း၌ စက်တင်ဘာလ(၉)ရက်နေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ ဘင်ခရာတပ်ဖွဲ့နှင့် ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းသို့ နေရာယူခြင်း၊ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်းကြေငြာခြင်း၊ နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွက်ဆိုခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းဌေးက အဖွင့်အမှာစကားပြောကြားရာ ကျန်းမာကြံ့ခိုင်၍ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသောကျောင်းသား/သူများ ပေါ်ထွက်လာစေရန်၊ ထူးချွန်ထက်မြတ်သော မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်နိုင်ရန်နှင့် ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ ၊ အားကစားပွဲတော်တွင် အဆင့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက်မြို့နယ်အဆင့်မှ ကစားသမားကောင်းများ ရွေးချယ်ပေးပို့နိုင်ရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လေရှီးမြို့နယ် ကျောင်းအဆင့် ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲကျင်ပပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အထက(လေရှီး)မှ ကျောင်းအုပ်ကြီး ဒေါ်စာရာမေရိသေးက ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ အထက(လေရှီး)ကျောင်းမှ အသင်းလိုက် အထက်တန်းအဆင့်(ကျား)-၅သင်း၊ အလယ်တန်းအဆင့်(ကျား)-၅ သင်း၊ အထက်တန်း/အလယ်တန်းအဆင့်(မ) -၅ သင်း စုစုပေါင်း (၁၅)သင်းဖြင့် အဆိုပါ ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၀ ရက်နေ့မှစတင်၍ ၁၃ ရက်နေ့အထိ (၄)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခမ်အနားပြီးမြောက်ကြောင်းကြေငြာမှုနှင့်အတူ ဘင်ခရာတပ်ဖွဲ့ဝင်များနှင့် အားကစားအသင်းများ ကွင်းအတွင်းမှထွက်ခွာကာ အခမ်းအနားပြီးမြောက်ခဲ့ပြီး အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပရာ ကွင်းလယ်ဒိုင် ဆရာဦးအောင်ဇင်မိုးက စပေးဘောကန်ပေး၍ ပြိုင်ပွဲများဆက်လက်ကျင်းပလျက်ရှိကြောင်းနှင့် စက်တင်ဘာ ၁၃ ရက်နေ့တွင် အနိုင်ရအသင်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လေရှီး(ပြန်/ဆက်)