မင်းလှမြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

အထက်မင်းလှ စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက တောင်ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မာချိုဝင်းက ကျောင်းသား/ကျောင်းသူများအား ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာနများ၏ ဆက်သွယ်ရန် လိပ်စာများ၊ လူကုန်ကူးမှုဖြစ်ပေါ်လာပုံ၊ လူကုန်ကူးခံရသူများကို ကူညီခြင်း၊ လူကုန်ကူးမှုအန္တရာယ်ပူးပေါင်းကာကွယ်တိုက်ဖျက်မယ်၊ လူကုန်ကူးခံရခြင်းကြောင့် ရရှိသောဆိုးကျိုးများ၊ လူကုန်ကူးသူများအသုံးပြုသော နည်းလမ်းများ၊ လူကုန်ကူးမှုပြစ်ဒဏ်များ စသည်တို့ကို ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် “လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး” အသိပညာပေး နံရံကပ်စာစောင်ပြပွဲပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)