မင်းလှ စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအလယ်တန်းကျောင်း (မြောက်ရပ်ကွက်)၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ (သွားကျန်းမာ)က ကျောင်းသား၊ ကျောင်းသူများအား သွားနှင့်ခံတွင်း ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ စစ်ဆေးခြင်းများဆောင်ရွက်ပြီး ကုသမှုခံယူရန် လိုအပ်သည့် ကျောင်းသား၊ ကျောင်းသူများကို သွားနှင့်ခံတွင်း ဆေးကုသမှုများပေးခဲ့သည်။ ထို့နောက် KG ကျောင်းသား၊ ကျောင်းသူများအား သွားတိုက်တံနှင့် သွားတိုက်ဆေးများဖြန့်ဝေ၍ စနစ်မှန်သွားတိုက်နည်းကိုလည်း လက်တွေ့လေ့ကျင့်သင်ကြားပေးခဲ့သည်။ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းကို မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ မျက်စိအမြင်စစ်ဆေးခြင်း၊ သွားနှင့်ခံတွင်း၊ အထွေထွေ ကျန်းမာရေးစစ်ဆေးခြင်း၊ ကျောင်းမုန့်စျေးတန်းများစစ်ဆေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ခြင်းစသော ကျောင်းကျန်းမာရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)