ပဲခူးမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့်လက်ကမ်းစာစောင်​​ဖြန့်ဝေဆောင်ရွက်

ပဲခူး စက်တင်ဘာ ၁၁

ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဉီးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် လက်ကမ်းစာစောင်များ​ဖြန့်​ဝေခြင်းကို ယနေ့နံနက်(၁၀)နာရီက ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာန (Communiry Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက ကလေးအလုပ်သမားအဓိပ္ပာယ်နှင့်ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်တာ၀န်များ၊ ကလေးအလုပ်သမားအဖြစ် အဆိုးဝါးဆုံးခိုင်းစေခြင်းတွင် ကလေးသူငယ်များအား ကျွန်ပြုခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ စီးပွားရေးအရလိင်မှုဆိုင်ရာ အမြတ်ထုတ်ခံရခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ရေးရောင်း၀ယ်ရေး လုပ်ကိုင်စေခိုင်းခံရခြင်း၊ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် တရားမ၀င်လုပ်ငန်းများတွင် အသုံးပြုခံရခြင်းများ၊ ကလေးအလုပ်သမားဖြစ်ရခြင်း အကြောင်းအရာများ၊ ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ရရှိရေးနှင့် ကလေးအလုပ်သမားနှင့် ပတ်သက်သော အကြောင်းအရာများအား ပြောကြားခဲ့သည်။

ထို့နောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများမှ ပျော်ရွှင်စွာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းနောက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်၍ကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက ကျောင်းသား၊ ကျောင်းသူများ အသိပညာနှင့် ဗဟုသုတများရရှိနိုင်ရေး စာပေများဖတ်ရှုလေ့လာကြရန်လိုအပ်ကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အမှား၊ အမှန်ခွဲခြားတက်ပြီး အသိပညာများ ရရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် သုတရသစာအုပ်များကို အခမဲ့ငှားရမ်းပေးလျက်ရှိရာ စာအုပ်များ လာရောက်ငှားရမ်းဖတ်ရှုစေလိုကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကိုဖြန့်ဝေခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်နှင့် သုတရသစာအုပ်များကို ကျောင်းသား၊ ကျောင်းသူ (၂၅)ဦးက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)