ရေကြည် စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံဆရာဝန်ကြီး ဒေါက်တာတင်ထွန်းအောင် ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများက အောင်မြင်စွာခွဲစိတ်မွေးဖွားပေးခဲ့သည့် သက်ဦးမိန်းကလေးနှစ်မွှာပူးမွေးဖွားသော ကွမ်းသီးချောင်းကျေးရွာအုပ်စု၊ အရှေ့ရွာသစ်ကျေးရွာနေ မခင်ပပလှိုင်အားထောက်ပံ့ငွေနှင့် အာဟာရဖြည့်စွက်စာများပေးအပ်ခြင်းကို ယနေ့နံနက် (၁၁) နာရီခွဲအချိန်ကမြို့နယ် ပြည်သူ့ဆေးရုံ၌ ထောက်ပံ့ခဲ့ကြောင်းသိရသည်။
အဆိုပါ သက်ဦးမိန်းကလေးနှစ်မွှာပူးမွေးဖွားသော မခင်ပပလှိုင်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်းမိသားစုမှ ထောက်ပံ့ငွေကျပ် (၁) သိန်း၊ ဧရာဝတီတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းကြီးကြပ်မှုအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၂) သိန်း၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကလေးအသုံးအဆောင်ပစ္စည်းစုစုပေါင်းတန်ဖိုး (၁) သိန်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အိုဗာတင်းဗူး၊ ကြက်ဥ၊ ငှက်ပျောသီး၊ ကုလားပဲခြမ်းနှင့် ထောက်ပံ့ငွေကျပ်(၁)သိန်း၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၅) သိန်းအား ကျုံပျော်ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုအားပေးစကားများ ပြောကြားခဲ့ကြောင်းနှင့် မိခင်ဖြစ်သူနှင့်အမွှာကလေးငယ်နှစ်ဦးမှာ ကျန်းမာလျက်ရှိပါကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)