တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်ငူ စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စက်တင်ဘာ ၉ ရက်နေ့ နံနက် (၁၀) အချိန်က စာရေးသူ ဒေါက်တာတင်ထွန်းဦး ရေးသားထားသည့် “ဖိစီးမှုကင်းသောကရှင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ဆွေးနွေးရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဦးမြသိန်းက “ဖိစီးမှုရှင်းသောကကင်း” ခေါင်းစဥ်ပါအကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးသည်။

ထို့နောက် (Book Club) ဥက္ကဋ္ဌ ဦးစောဂျရုန်း (မောင်ယဥ်ထွေးတက္ကသိုလ်) က “ရယ်မောပျော်ရွှင်စိတ်ကြည်လင်” ခေါင်းစဥ်ပါ အကြောင်းအရာများ၊ (Book Club) အဖွဲ့ဝင် ပန်းချီဆရာ ဦးစိုးမြင့်လေး (တောင်ငူ) က “ပျော်ရွှင်ချမ်းမြေ့သည့်ဘဝကိုရယူပါ ” ခေါင်းစဥ်ပါ အကြောင်းအရာများဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက ၎င်းတို့၏ အတွေးအမြင်များကို ပြန်လည်ဆွေးနွေးကြကာ (Book Club) နာယကဦးမြသိန်းက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး စာဖက်ဝိုင်းသို့တက်ရောက်လာကြသူများမှ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များ ပြသထားမှုများအား ကြည့်ရှုလေ့လာကြသည်။

တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန၌ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်နှင့် စာပေချစ်မြတ်နိုးသူများ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ လစဥ်ကျင်းပလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)