သဲကုန်း စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး၊ နံရံကပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကို စက်တင်ဘာ ၉ ရက်နေ့ နံနက်က (၁၀) နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း ရွာသာလှ(ဝက်ပုတ်)၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကျောင်းသား/ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဗဟုသုတရရှိရေးအတွက် ငှားရမ်းဖတ်ရှုလေ့လာသော အလေ့အကျင့်ကောင်းများရှိစေရန်၊ ကလေးအလုပ်သမားပပျောက်ရေး သိကောင်းစရာများ၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး သိကောင်းစရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး၊ စာကြည့်တိုက်လက်ထောက်- ၃ ဒေါ်နော်ဌေးဌေးမြင့်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ပုံပြင်ပြောခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)