ကြံခင်းစက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပေါက်တိုင်းကျေးရွာ၊ ပညာအလင်း စာကြည့်တိုက်၌ ယနေ့နေ့လယ်ပိုင်းက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် အသိပညာပေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ Book Club အဖွဲ့ဝင်များ၊ ပညာအလင်းစာကြည့်တိုက်ကော်မတီများနှင့်တွေ့ဆုံ၍ စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး၊ စာငှား၊ စာဖတ်သူများတိုးပွားလာရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင် ကဗျာဆရာ မိုးမြေသစ္စာ၊ ရာဇာငယ်ကနောင်တို့က စာကြည့်တိုက် ရှင်သန်လာစေရန် စာပေဖတ်ရှုသူတိုးပွားလာစေရန်အတွက် စာပေချစ်မြတ်နိုးသူများဖြင့် စာပေဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများကို အခါအားလျော်စွာပြုလုပ် ပေးခြင်းဖြင့် စာပေဖတ်ရှုသူများပြား လာမည်ဖြစ်ကြောင်း ပြောကြားပြီး စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးအေးသန်းနှင့်အဖွဲ့ဝင်များ၊ စာကြည့်တိုက်မှူးတို့က စာကြည့်တိုက်ဆိုင်ရာကိစ္စရပ်များကို အသီးသီး ဆွေးနွေးကြသည်။ ဆက်လက်၍ ဒို့ကျေးရွာဂျာနယ် အတွဲ၂၂၊ အမှတ်၁၅ ထုတ် စာရေးဆရာ မောင်မိုးရေးသားသော “မြန်မာ့တန်ဖိုး မြန်မာ့အနာဂတ်” အတွေးအမြင်ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်ပေးခဲ့ရာ ဦးဝင်းအောင်၊ ဦးမင်းဇော်ထွန်း၊ မောင်ကောင်းသန့်ဇော်၊ ဒေါ်မြမြဝင်း၊ မလှလှခိုင်တို့က အသီးသီးဖတ်ကြားကြပြီး Book Club အဖွဲ့ဝင် ကဗျာဆရာ မိုးမြေသစ္စာ၊ ရာဇာငယ်ကနောင်နှင့် ဦးခင်မောင်းဌေးတို့က စာရေးသူ၏ အတွေးအမြင်တို့ကို သုံးသပ်ဆွေးနွေးပေးကြသည်။
ဆက်လက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အသိပညာပေးလုပ်ငန်းများတွင် တက်ရောက်လာကြသူများအား ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအသိပညာပေးနှင့် မီးခိုးမြူငွေ့ အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း
ကြံခင်း (ပြန်/ဆက်)