မြောင်းမြ စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြတ်ပြီး ရဲဝံ့လိမ္မာစွာ စကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်လင်းပြောကြားခဲ့ပြီး "စာဖတ်ခြင်း၏အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ရူပါအေးနှင့် လက်ထောက်ကထိက ဒေါ်ယဉ်ယဉ်ထွဋ်တို့က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် စကြည်လင်းဇော်က "စာဖတ်ဝါသနာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရတနာနိုင်က "စာအုပ်စာပေလူ့မိတ်ဆွ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်နိုင်နိုင်းက "လူငယ်နှင့်စာပေလေ့လာမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရတီဦးက "ပညာခေတ်မှာပညာရှာ" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကိုမေးမြန်းကြရာ ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းအပြီးတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်ဝင်းမော်က ငလျင်ဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)