ဇီးကုန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်

ဇီးကုန်း စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို စက်တင်ဘာလ ၈ ရက်နေ့ မွန်လွဲပိုင်းက အ.လ.က(ခွဲ) ဝက်ကော်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.လ.က(ခွဲ) ဝက်ကော်ကျောင်း ကျောင်းအုပ်ဆရာကြီး​ ဦးမြင့်ထွေးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် အကြောင်းတို့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ဒေါ်ဇင်မာထွန်းက ပုံပြင်စာအုပ်များဖတ်ပြခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ကုန်ညွှန်းအမှတ်အသားပြည့်စုံပါဝင်မှု၊ စားသုံးရန်မသင့်သော အစားအသောက်များ၊ စားသုံးသူများ ရရှိနိုင်သောအခွင့်အရေးများတို့ကို အသိပညာပေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန် ငလျင်ဘေးအန္တာရာယ်အသိပညာပေး၊ လူကုန်ကူးမှုပပျောက်ရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ပြသခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)