ပုသိမ် စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၏ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်န်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၏ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရပြိုင်ပွဲဝင်များက “ နှလုံးသားကိုအလှဆင်ပါ ” တေးသီချင်းဖြင့် သီဆို တီးခတ် ကပြ ဖျော်ဖြေခဲ့ကြပြီးနောက် ဧရာဝတီတိုင်းဒေသကြီး၏ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က“ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအား ဦးတည်ချက် (၄) ရပ်နှင့် အညီကျင်းပခဲ့ပါကြောင်း၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြီးဆုံးချိန်မှစ၍ အားသာချက်၊ အားနည်းချက်များဖော်ထုတ်၍ ဗဟိုအဆင့်တွင် အဆင့်ရှိရှိပါဝင်ယှဉ်ပြိုင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဘာသာရပ်အလိုက်တာဝန်ယူခဲ့ကြသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူအားလုံးကိုလည်း အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ ဗဟိုအဆင့်တွင် ယှဉ်ပြိုင်သည့်အခါတွင်လည်း လစ်လပ်နေရာများမရှိရအောင် ဘာသာရပ်အလိုက်တာဝန်ယူထားကြသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် ဗဟိုအဆင့်တွင် အောင်မြင်မှုရရှိရန် စခန်းသွင်းလေ့ကျင့်ခြင်း ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ရွှေ ၇၅ခု၊ ငွေ ၄၂ခု၊ ကြေး ၃၁ခု၊ နှစ်သိမ့် ၂၅ခု၊ ဂုဏ်ပြုဆု ၁ခု၊ စုစုပေါင်း ၁၇၄ ခု ချီးမြှင့်နိုင်ခဲ့ပြီး ယခင်နှစ်ထက် ပိုမိုကြိုးစားယှဉ်ပြိုင်ကြသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ကြိုးစားအားထုတ်ယှဉ်ပြိုင်မှုကိုလည်း အသိအမှတ်ပြုပါကြောင်း၊ တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပညာရှင်များအား အကောင်းဆုံး အကဲဖြတ်ရွေးချယ်ပေးပါသော ဝါရင့်အကဲဖြတ် အနုပညာရှင်များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့်လည်း တက်ညီလက်ညီကြိုးစားယှဉ်ပြိုင်ခဲ့သည့်အတွက်လည်း အသိအမှတ်ပြုပါကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲဝင်များအနေဖြင့် ယခင်နှစ်ဗဟိုအဆင့်ပြိုင်ပွဲတွင် ရရှိခဲ့သည့် ဆုတံဆိပ်များထက် ပိုမိုရရှိအောင် ဆောင်ရွက်နိုင်ပါစေကြောင်း”ဂုဏ်ပြု အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပြိုင်ပွဲ အဆင့်မြင့်ပညာ (အမျိုးသား) မဟာဂီတ၊ အခြေခံပညာ (၁၀-၁၅)(အမျိုးသား) မဟာဂီတ၊ အခြေခံပညာ (၁၅-၂၀) (အမျိုးသား) မဟာဂီတ၊ အဆင့်မြင့်ပညာ(အမျိုးသား) ခေတ်ဟောင်း/ကာလပေါ်၊ အခြေခံပညာ (၁၅-၂၀)(အမျိုးသား) (အမျိုးသမီး)ခေတ်ဟောင်း/ကာလပေါ်၊ အဆင့်မြင့်ပညာ(အမျိုးသား) အမျိုးဂုဏ်/ဇာတိဂုဏ်၊ အခြေခံပညာ (၁၀-၁၅ )(အမျိုးသား) ခေတ်ဟောင်း/ကာလပေါ်၊ အကပြိုင်ပွဲ အဆင့်မြင့်ပညာ(အမျိုးသား)တစ်ဦးချင်းအကပြိုင်ပွဲ၊ အခြေခံပညာ (၁၅-၂၀)(အမျိုးသား) တစ်ဦးချင်းအကပြိုင်ပွဲ၊ အခြေခံပညာ (၁၀-၁၅) (အမျိုးသား) တစ်ဦးချင်းအကပြိုင်ပွဲ၊ အဆင့်မြင့်ပညာ အရေးပြိုင်ပွဲ၊ အဆင့်မြင့်ပညာ (အမျိုးသား) အတီးပြိုင်ပွဲ (စောင်း)၊ အခြေခံပညာ (၁၅-၂၀) (အမျိုးသား) အတီးပြိုင်ပွဲ (စန္ဒယား) ၊ အခြေခံပညာ (၁၅-၂၀) (အမျိုးသား) အတီးပြိုင်ပွဲ (ဂီတာ) ၊အခြေခံပညာ (၁၀-၁၅) (အမျိုးသား) အတီးပြိုင်ပွဲ (ပတ္တလား)၊ အဆင့်မြင့်ပညာ (အမျိုးသား) အိုးစည်အဖွဲ့လိုက်၊ အခြေခံပညာ (၁၅-၂၀)(အမျိုးသား) ဒိုးပတ်အဖွဲ့လိုက်၊ အခြေခံပညာ (၁၀-၁၅) (အမျိုးသား) ဆိုင်းဝိုင်းကြီးအဖွဲ့လိုက် ပြိုင်ပွဲများတွင် ပထမဆုရရှိသူများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက အဆိုပြိုင်ပွဲ အဆင့်မြင့်ပညာ (အမျိုးသမီး) မဟာဂီတ၊ အခြေခံပညာ (၁၅-၂၀) (အမျိုးသမီး) မဟာဂီတ၊အဆင့်မြင့်ပညာ (အမျိုးသမီး) ခေတ်ဟောင်းကာလပေါ်၊ အဆင့်မြင့်ပညာ (အမျိုးသမီး) အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ အခြေခံပညာ (၁၀-၁၅) (အမျိုးသမီး) ခေတ်ဟောင်း ကာလပေါ်၊ အကပြိုင်ပွဲ အဆင့်မြင့်ပညာ (အမျိုးသမီး) တစ်ဦးချင်း အကပြိုင်ပွဲ၊ အခြေခံပညာ (၁၅-၂၀) (အမျိုးသမီး) တစ်ဦးချင်း အကပြိုင်ပွဲ၊ အခြေခံပညာ (၁၀-၁၅) (အမျိုးသမီး) တစ်ဦးချင်း အကပြိုင်ပွဲ၊ အခြေခံပညာ (၁၀-၁၅) ကဗျာလွတ်အကပြိုင်ပွဲ၊ အခြေခံပညာ (၁၅-၂၀) အရေးပြိုင်ပွဲ၊ အတီးပြိုင်ပွဲ အခြေခံပညာ (၁၅-၂၀) (အမျိုးသမီး) အတီး ပြိုင်ပွဲ (စန္ဒယား)၊ အခြေခံပညာ (၁၅-၂၀) (အမျိုးသမီး) အတီး ပြိုင်ပွဲ (ပတ္တလား)၊ အခြေခံပညာ (၁၀-၁၅) (အမျိုးသမီး) အတီး ပြိုင်ပွဲ (တယော)၊ အခြေခံပညာ (၁၅-၂၀) (အမျိုးသမီး) အတီး ပြိုင်ပွဲ (မယ်ဒလင်)၊ အဆင့်မြင့်ပညာ (အမျိုးသမီး) အတီးပြိုင်ပွဲ (ဂီတာ)၊ အခြေခံပညာ (၁၅-၂၀) (အမျိုးသမီး) အတီး ပြိုင်ပွဲ (ဒုံမင်း)၊ အခြေခံပညာ (၁၅-၂၀) (အမျိုးသမီး) အတီး ပြိုင်ပွဲ (ဆိုင်းတစ်ဦးချင်း)၊ အခြေခံပညာ (၁၀-၁၅) (အမျိုးသမီး) အတီး ပြိုင်ပွဲ (ဒုံမင်း)၊ အခြေခံပညာ (၁၀-၁၅) (အမျိုးသမီး) အတီးပြိုင်ပွဲ (ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်) ပထမဆုရရှိသူများအားလည်းကောင်း၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများကို တိုင်းဒေသကြီး တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တာဝန်ရှိသူများအသီးသီးကလည်းကောင်း ဆုများဆက်လက်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၏ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒိုင်ချုပ်များ၊ တေးသံရှင်များ၊ ခရိုင်အလိုက် အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ တံခွန်စိုက်တတိယဆုရရှိသည့် မအူပင်ခရိုင်၊ ဒုတိယဆုရရှိသည့် မြောင်းမြခရိုင်နှင့် ပထမဆုရရှိသည့် ပုသိမ်ခရိုင်တို့အား ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း ဆက်လက်ပေးအပ်ချီးမြှင့်ခဲ့ကာ နိုင်ငံကျော်တေးသံရှင် ဝါးခယ်မရဲမောင်၊ ဖျော်ဖြေရေးအဖွဲ့များ၊ ပြိုင်ပွဲတွင်ဆုရရှိသူများ၏ ပြန်လည်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
လှမင်းထွဋ် (ပြန်/ဆက်)