ကျိုက်လတ်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျိုက်လတ် စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သူရက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်က မြို့နယ်အတွင်း ဝင်ရောက်အရွေးချယ်ခံမည့် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ပေးထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဝင်ရောက်အရွေးချယ်ခံမည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သူရနှင့် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အသီးသီးပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)