ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲတက်ရောက်

မြောင်းမြ စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၄/၂၀၂၅)  သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ ယနေ့နံနက် (၉) နာရီအချိန်က တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ "ပွင့်ဖူးဝေဆာ ကျောင်းတော်သာ" တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နှုတ်ဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမ (၁၂၀) ဦးတို့အား မြို့နယ်အလိုက် သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ မြောင်းမြ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)