မိုးစပါးစိုက်တောင်သူများ အကျိုးရှိစွာ စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေး စိုက်ပျိုးရေများ လုံလောက်စွာဖြန့်ဝေပေးလျက်ရှိ

စလင်း စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူဦးကြီးများ ၂၀၂၅၊ ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မိုးစပါးစိုက်တောင်သူများ အကျိုးရှိစွာ စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေး စလင်းတမံ၊ လင်းဇင်းရေလွှဲဆည်၊ မဲဇလီဆည်နှင့် တက်တူတမံ၊ ဆည်ငယ်/ကန်ငယ်နှင့် မိုးကောင်းသောက်လယ်များ မိုးစပါးစိုက်ပျိုးရန် ရေဝင် (၄၇၈၄၃)ဧကများသို့ ဆည်ရေအလုံအလောက် ထုတ်လွှတ်ပေးလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေဧရိယာ (၄၇၈၄၃)ဧကများသို့ မိုးစပါးစိုက်ပျိုးရေလုံလောက်စွာ ဖြန့်ဝေပေးလျက်ရှိရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်တာဝန်ခံအရာရှိနှင့် ဝန်ထမ်းများက (မိုးစပါး)သောက်သုံးရေလုံလောက်မှုရှိစေရေးအတွက် အနီးကပ်ကြီးကြပ်ကာ ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး တောင်သူဦးကြီးများ၏ အကျိုးစီးပွားကို ရှေးရှု၍ ရေလေလွင့်မှုနည်းပါးစွာ အသုံးပြုရေးနှင့် တောင်သူဦးကြီးများ မိုးစပါးစိုက်ပျိုးချိန် ရေလိုအပ်ချိန်များတွင် လိုအပ်သလိုအဆင်ပြေစွာပေးဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မိုးစပါးလျာထား (၄၇၇၁၅)ဧကအား လျာထားစိုက်ပျိုးခဲ့ရာ ဇွန်လဒုတိယပတ်အတွင်း၌ စတင် ရေများဖြန့်ဖြူးပေးဝေလျက်ရှိပါသည်။ ဒေသခံတောင်သူများမှ ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်၍ ပန်းတိုင်အထွက်နှုန်းရှိရေးအတွက် ကွင်းပေါင်း (၄၇၇)ကွင်းတွင် စလင်းတမံမှ ရေကိုအသုံးပြု၍ ကွင်းပေါင်း (၂၃၀)ကွင်းမှ ရေဝင်ဧက (၂၉၄၃၇)၊ တက်တူတမံမှ (၂) ကွင်း၊ ရေဝင်ဧက(၁၃၂)၊ မဲဇလီဆည်မှရေကိုအသုံးပြု၍ ကွင်း (၅၁)ခုမှ ရေဝင်ဧက(၁၀၀၀၆)၊ တညောင်လျှပ်စစ်မြစ်ရေတင်မှ ကွင်းပေါင်း (၂၇)ကွင်း၊ ရေဝင်ဧက (၂၀၀၀)နှင့် ဆည်ငယ်၊ ကန်ငယ်များနှင့် အခြားမြေအောက်ရေအသုံးပြုခြင်းများဖြင့် စိုက်ပျိုးခဲ့ရာ စလင်းမြို့နယ်အတွင်း အဓိကအားထားပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဧရာမင်းစပါး (၄၄၁၈၀)ဧက၊ မနောသုခစပါး(၃၃၉၆)ဧကနှင့် အောင်နိုင်တိုးစပါး(၂၀၀)ဧက၊ ရက်(၉၀)စပါးမျိုး (၁၅)ဧက စပါးမျိုးကွဲ (၅၂)ဧကတို့အား လျာထားချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးလျက်ရှိပြီး သက်ဆိုင်ရာဌာနများ၊ ဒေသခံတောင်သူများပူးပေါင်း၍ ကြိုးစားဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်းရှိ ကန်ငယ်၊ တမံငယ်များ၊ မိုးကောင်းသောက်လယ်များအား၊ ဝက်သည်းကန်မှ ပိုလျှံရေများဖြင့်လည်းကောင်း၊ ဆင်ကျုံးကွင်း၊ ရှမ်းစုကွင်း၊ ကူဖြူကွင်း၊ မကျီးပင်ပုကွင်းများအားလုံး လယ်မြေဧက (၂၅၀၀)ကျော်ကိုလည်း ရေသွင်းရယူ၍ မိုးစပါးသီးနှံများကို စိုက်ပျိုးလျက်ရှိကြောင်း၊ ဒေသခံတောင်သူများနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများထံမှ သိရသည်။ 

မောင်လွင်(စလင်း)