ညောင်လေးပင် စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းတို့ကို စက်တင်ဘာ ၈ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က အ.မ.က မူလွန် (ရွာမ) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ရှေးဦးစွာ အ.မ.ကမူလွန် (ရွာမ) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မိုးစန္ဒာဝင်းက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ကလေးသူငယ်အလုပ်သမားပပျောက်ရေးရည်မှန်းချက် (၃)ရပ်၊ ကလေးအလုပ်သမား၏ အဓိပ်ပါယျ၊ ကလေးအလုပ်သမားများအား အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်း၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ စသည့်ကလေးအလုပ်သမားများ၏ အသက်အရွယ်အကြောင်းအရာများအား ကျောင်းသား/ ကျောင်းသူများသိရှိ လိုက်နာသင့်သည့်အချက်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ ဖတ်ရှုစေခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)