အ.ထ.က (မိုးညို၌)၂၀၂၄ -၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

မိုးညို စက်တင်ဘာ ၁၁

၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာ‌ မေးပွဲ ထူးချွန်စွာ အောင်မြင်သူများအား ဂုဏ်ပြုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က(မိုးညို)သရဖူခန်းမဆောင်၌ စက်တင်ဘာ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေကော်မတီအဖွဲ့ဝင် ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်း‌ဌေးက ပညာရေးအကြောင်းနှင့် ဆုပေးပွဲကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခြင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးက ဆုပေးပွဲကျင်းပရခြင်းနှင့် ဆုပေးမှုအခြေအနေများကို ထပ်ဆင့်ရှင်းလင်းပြောကြားခြင်းနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးညီညီဇော်က အဖက်ဖက်မှဝိုင်းဝန်းကူညီသူများနှင့် တက်ရောက်လာသူများအား ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ဆုများကို‌ ပေးအပ်ချီးမြှင့်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သင်ပြမှုထူးချွန်ဆုရ ဆရာ၊ ဆရာမ(၁၂)ဦး၊ တက္ကသိုလ်ဝင်တန်းတွင် ဆုရရှိသည့် တစ်ဘာသာဂုဏ်ထူးရှင်(၉)ဦး၊ Grade A ဖြင့်အောင်မြင်ခဲ့သူ(၄၆)ဦးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ဆုရရှိသူတစ်ဦးတို့အား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)