ဘိုကလေး စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ၊ ဘိုကလေးပညာရေးဒီဂရီ ကောလိပ်တွင် စက်တင်ဘာ (၁)ရက်နေ့မှစတင်၍ စက်တင်ဘာ (၁၂)ရက်နေ့အထိ တိုင်းရင်းသားဘာသာ စာပေသင် ဆရာ/မများအား ဆရာအတတ်ပညာ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်၌ အထောက်အကူပြုဆွေးနွေးပွဲပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပဆောင်ရွက်သည်။
အဆိုပါ အခမ်းအနားသို့ ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ ဆရာအတတ်ပညာ အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသည့် ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ညောင်တုန်း၊ ဓနုဖြူ၊ ပန်းတနော် မြို့နယ်များမှ တိုင်းရင်းသားဘာသာသင် ဆရာ/မများ တက်ရောက်ကြပြီး အခမ်းအနားအား တိုင်းရင်းသားဘာသာစာပေသင် ဆရာ/မများက ကရင်ဒုံးယိမ်းအကဖြင့် ဖျော်ဖြေဖွင့်လှစ်ခဲ့သည်။
ထို့နောက် ဘိုကလေးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်သန်းသန်းစိုးက ယခုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည် ဆရာ/မများအနေဖြင့် မိမိတို့ တာဝန်ကျရာ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်သည့်အခါ တပည့်ကျောင်းသား/သူများအား ပြည်ထောင်စုစိတ်ဓာတ် အခြေခံ၍ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိတို့၏ ရိုးရာဓလေ့များအား ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရေး သင်ကြားပို့ချရန်လိုအပ်ကြောင်း၊ ဆရာ/မများက ဆရာ့သိက္ခာ၊ ဆရာ့ကျင့်ဝတ်များနှင့်အညီ နေထိုင်ကျင့်ကြံ ရပ်တည်ကြရန် အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က ယခုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသော ဆရာ/မများအနေဖြင့် နိုင်ငံတော်မှ အားကိုးအားထားပြုရသည့် နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ရပ်တည်ဆောင်ရွက်ကြပြီး အရည်အသွေးပြည့်ဝသည့် ဆရာ/မများဖြစ်လာစေရေး မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးများအား အစဉ်မပြတ် မြှင့်တင်ဆောင်ရွက်ကြရန် လမ်းညွှန်အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဘိုကလေးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးတို့က အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲ တက်ရောက်ခဲ့ကြသည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ/မ (၁၀၉)ဦးအတွက် မြို့နယ်အလိုက် ဆွေးနွေးပွဲပြီးမြောက်ကြောင်း လက်မှတ်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ပြန်/ဆက်)