မြန်အောင်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းဖွင့်လှစ်

မြန်အောင် စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို စက်တင်ဘာလ(၉)ရက်နေ့နံနက်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ဖွင့်လှစ်ခဲ့သည်။
ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းတွင် မြန်အောင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ရွှေရည်ဖြိုးက သင်ကြားပို့ချမည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း၊ နိုင်ငံရေးပါတီ များနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်၊   မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာလုပ်ငန်းများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ ဖွဲ့စည်းပုံ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ (MEVM)စက်များအား စီမံခန့်ခွဲခြင်းနှင့်ထားသိုထိန်းသိမ်းခြင်း၊ နည်းပညာအသုံးပြု၍ မဲဆန္ဒရှင်စာရင်းများပြုစုခြင်းနှင့် ကြိုတင်မဲပေးခြင်း၊ ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခြင်း၊ ဆန္ဒမဲများ တွက်ချက်ခြင်းနှင့် ရလဒ်များထုတ်ပြန်ခြင်းများအကြောင်းကို  မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များအား စက်တင်ဘာ ၅ ရက်နေ့မှ စက်တင်ဘာ ၉ ရက်နေ့အထိ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)